သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

  • Thu, 15 December 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ


သန်လျင် ဒီဇင်ဘာ ၁၅

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဦးဆောင်ဆွေးနွေးမည့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီးနောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းတို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သို့ လှူဒါန်းသော စာအုပ်စာစောင်များကို ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက ပေးအပ်လှူဒါန်းရာ သင်တန်းရေးရာဌာနမှူး၊ ဦးဇော်မိုးအောင်က လက်ခံ ရယူသည်။ 



အခမ်းအနားအပြီးတွင် ဘက်စုံသုံးခန်းမရှေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက Mobile Bus ဖြင့် စာအုပ်စာစောင်များ ခင်းကျင်းပြသငှားရမ်းပေးခြင်း၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်များ ပြသမှုကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သတင်း ရရှိသည်။


ဆက်စပ် သတင်းများ