သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
- Tue, 20 December 2022
သန်လျင်၊ ဒီဇင်ဘာ ၂၀
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀-၁၂-၂၀၂၂ ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် “ဒီနေ့ဟာ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်)အတွက် ဝမ်းသာကြည်နူးဝမ်းမြောက်စရာ နေ့တစ်နေ့ဖြစ်သလို နောင်အနာဂတ် နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြမယ့် မောင်မယ်သစ်လွင်များကို မွေးထုတ် ပေးတဲ့နေ့လည်းဖြစ်ကြောင်း၊ မောင်မယ်သစ်လွင်များအား တက္ကသိုလ်ဖြစ်တည်လာမှု အခြေအနေ၊ တက္ကသိုလ်တက်ရောက်နေစဉ် လိုက်နာရမည့် စည်းကမ်းများ၊ ပြုမူနေထိုင်ရမည့်အချက်များနှင့် တက္ကသိုလ်ပညာသင်ယူနေစဉ် ဘဝတစ်လျှောက်တွင် လိုက်နာမှတ်သားရမည့် အချက်များအား မှာကြားလိုကြောင်း” ပြောကြားသည်။ ၎င်းနောက် မောင်မယ်သစ်လွင်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ် တာဝန်ခံများ၊ စီမံခန့်ခွဲရေးဌာနများမှ တာဝန်ရှိသူများ၊ ပထမနှစ်ဘာသာရပ်သင် ဆရာ၊ ဆရာမ များနှင့် တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး တက္ကသိုလ်ဝင်ခွင့်ရ ဘာသာတွဲအလိုက် အမှတ်အများဆုံး ရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် ပထမနှစ် ပညာထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ (၃)ဦးတို့အား ဒုတိယပါမောက္ခချုပ်(စီမံ)ကလည်းကောင်း၊ ဒုတိယနှစ်(အထူးပြုဘာသာရပ်အလိုက်) ပညာထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား ဒုတိယပါမောက္ခချုပ်(သင်ကြား)ကလည်းကောင်း၊ တတိယနှစ်(အထူးပြုဘာသာရပ်အလိုက်) ပညာထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား သင်တန်းရေးရာဌာန၊ ဌာနမှူးကလည်းကောင်း၊ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား(၃)ဦးအား သမဝါယမပညာဌာန၊ ပါမောက္ခ၊ ဌာနမှူးကလည်းကောင်း ပညာရည်ချွန်ဆုတံဆိပ်၊ ဂုဏ်ပြုကတ်ပြားနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်သစ်လွင် (Fresher King)၊ မယ်သစ်လွင်(Fresher Queen) နှင့် People Choice Boy and Girl များ ရွေးချယ်ခဲ့ရာ မယ်သစ်လွင် (Fresher Queen) ရရှိသူ မခင်မြင့်မြတ်အား ဒုတိယပါမောက္ခချုပ် (စီမံ)က စလွယ်၊ စတားနှင့် အမှတ်တရလက်ဆောင်အားလည်းကောင်း၊ မောင်သစ်လွင် (Fresher King) ရရှိသူ မောင်ဇွဲသီဟနိုင်အား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားဦးစီးကော်မတီဥက္ကဋ္ဌက စလွယ်အား လည်းကောင်း၊ People Choice Girl ရရှိသူ မရှင်းလင်းသန့်အား ဖျော်ဖြေရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌက စလွယ်နှင့် အမှတ်တရလက်ဆောင်အားလည်းကောင်း၊ People Choice Boy ရရှိသူ မောင်ခန့်စည်သူအား မောင်မယ်သစ်လွင်ရွေးချယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက စလွယ်နှင့် အမှတ်တရလက်ဆောင်အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ယခင် ပညာသင်နှစ်မှ Fresher Queen ရရှိခဲ့သူ မသဉ္ဇာမြင့်က ယခုပညာသင်နှစ် Fresher Queen ရရှိသူ မခင်မြင့်မြတ်အား သရဖူလွှဲပြောင်းပေးခဲ့ပြီး ယခင်ပညာသင်နှစ်မှ Fresher King ရရှိခဲ့သူ မောင်ဝေယံပိုင်ဖြိုးက ယခုပညာသင်နှစ် Fresher King ရရှိသူ မောင်ဇွဲသီဟနိုင်အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များမှ အဆိုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ် တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။