သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားအစီအစဉ်
- Sat, 25 February 2023
ရန်ကုန် ဖေဖေါ်ဝါရီလ (၂၅)ရက်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၅-၂-၂၀၂၃ (စနေနေ့) နံနက်(၉:၀၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်နှင့် တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ စုစုပေါင်း(၉၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ပထမပိုင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ တက်ရောက် လာသူများအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါကြောင်း ဦးစွာပထမပြောကြားခဲ့ပြီး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)၏ အဋ္ဌမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဘွဲ့ရမောင်မယ်များနှင့်အတူ တက်ရောက် ချီးမြှင့်ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကိုဦးစားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း၊ ပညာရေးကဏ္ဍကိုမြှင့်တင်ရင်း အရည်အသွေးရှိတဲ့ ပညာရေးဖြစ်လာမှ အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ပြီး လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ကြောင်း၊ ပညာအရည်အသွေးမြှင့်တင်နိုင်မှ အမှားနှင့်အမှန်၊ အဆိုးနှင့်အကောင်း၊ လုပ်သင့်တာနှင့် မလုပ်သင့်တာတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ဝေဖန်စဉ်းစားဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံ၍ ဘက်စုံအရည်အချင်းပြည့်ဝသော အသိပညာရှင်၊ အတတ်ပညာရှင်များမြောက်များစွာ ပေါ်ထွက်လာစေရန် စနစ်တကျလေ့ကျင့် သင်ကြား ပြုစုပျိုးထောင်ပေးလျက်ရှိသည့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းများကို အစဉ်အမြဲ မြှင့်တင်ထိန်းသိမ်းပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ဘွဲ့ရမောင်မယ်များအားလုံး မှန်ကန်ပြီး တရားမျှတ၊ ရိုးသားပွင့်လင်းမြင်သာတဲ့ အသိတရားများလက်ကိုင်ထားပြီးမိမိတို့မြန်မာနိုင်ငံတော်အတွက် အားကိုးအားထားပြုထိုက်သူများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ တက်ရောက် လာသူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်းနှုတ်ခွန်းဆက်သပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) အနေဖြင့် အသိပညာ၊ အတတ်ပညာတွေ တိုးတက်ဖွံ့ဖြိုးအာင် ဖြည့်ဆည်း နေသလို တစ်ဖက်ကလည်း ကိုယ့်လူမျိုးရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာ အစဉ်အလာ ကောင်းများကို ထိန်းသိမ်းကြရမှာဖြစ်ကြောင်း၊ အသိဉာဏ်အမြော်အမြင်နှင့် စိတ်ဓါတ်ရေးရာ ရင့်ကျက်မှုမြင့်မားလာစေဖို့နှင့် လူငယ်ထုအတွင်းမှ တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးကိုစောင့်ရှောက် သည့်စိတ်၊ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့် စိတ်ဓါတ်များ ထက်သန်လာစေဖို့ ဆောင်ရွက်သည့်နေရာမှာ တက်တက်ကြွကြွ အင်အားအပြည့်နှင့် ပူးပေါင်းဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အထူးပြုဘာသာရပ် အလိုက် ပညာရည်ထူးချွန်ဆုရရှိသူ ဘွဲ့ရမောင်မယ် (၅)ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အထူးပြုဘာသာရပ်အလိုက် ပညာရည်ထူးချွန်ဆုရရှိသူ ဘွဲ့ရမောင်မယ် (၅)ဦးတို့အား ထူးချွန်ဆုနှင့် ဂုဏ်ပြုလက်မှတ်များကို ချီးမြှင့်ခဲ့ပြီး ပထမပိုင်း အခမ်းအနားကို နံနက် (၁၀:၀၀)နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။