သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပခြင်း

  • Sat, 25 February 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပခြင်း


ရန်ကုန် ဖေဖော်ဝါရီလ (၂၅) ရက်

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် အဋ္ဌမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၅-၂-၂၀၂၃ (စနေနေ့) ၊ နံနက်(၉:၀၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မဟာဘွဲ့ (၇)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (၈၇)ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စီးပွားရေးသိပ္ပံဘွဲ့ (၂၃၄)ဦး စုစုပေါင်း(၃၂၈)ဦးအနက် ဘွဲ့နှင်းသဘင်သို့တက်ရောက်ဘွဲ့ယူသူ (၂၈၀)ဦး နှင့် အဝေးရောက်ဘွဲ့ယူသူ(၄၈)ဦး တို့ကို သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည်။


ဘွဲ့များချီးမြှင့်အပ်နှင်းပြီးနောက် ပါမောက္ခချုပ်မှ ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အနေဖြင့် “အမျိုးသားစိတ်ဓာတ် နှင့် လူမှုရေးစိတ်ဓာတ်အခြေခံရှိပြီး အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေးပညာတတ်၊ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် လူမှုအဖွဲ့အစည်း အထောက်အကူပြုတက္ကသိုလ် ဖြစ်လာစေရန်” ဆိုသည့် ရည်မှန်းချက်ထားရှိဆောင်ရွက်ခဲ့ကာ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် လူမှုစီးပွားရေးပညာတတ် လူ့စွမ်းအားအရင်းအမြစ် (၈၀၀၀)ခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့် ပထမနှစ်နှင့်မေဂျာဘာသာရပ်ကြီး ငါးခုမှ ကျောင်းသား၊ ကျောင်းသူများအပြင် ဒေသခံများအထိပါ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုမည့်နည်းပညာနှင့် လက်မှုပညာများကို အချိန်မရွေး လေ့လာသင်ယူနိုင်သော လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ် (Social Innovation Support Unit) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု (Research and Innovation)ကိုလည်း ပိုမိုဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် တက္ကသိုလ်၏ အရည်အသွေး အာမခံမှုစနစ်ကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ်တွင် Asean University Network-Quality Assurance  AUN-QA ၏ တွဲဖက်အသင်းဝင် (Associate Member) အဖြစ် အသိအမှတ်ပြုရပ်တည်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ “ယနေ့ သမဝါယမလူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်ရမည်” (Youth Cooperators today, Leaders in future” ဆိုသည့် ဆောင်ပုဒ်အတိုင်း၊ သမဝါယမ လူငယ်များအနေနှင့် ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး နိုင်ငံတော်ကို လက်တွေ့ အကျိုးပြုဖို့လိုကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို မျက်ခြေမပြတ်လေ့လာပြီး ယှဉ်ပြိုင်နိုင်သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးတွေ ဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြဖို့ လိုကြောင်း၊ ရောက်လေရာနေရာ ဒေသတိုင်းမှာ အမိတက္ကသိုလ်ကြီးရဲ့ ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းတွေကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ အမိမြန်မာနိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရာမှာ ကျရာအခန်းကဏ္ဍမှ အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ လူမှုစီးပွားရေးစနစ်ကို အခြေခံသည့် သမဝါယမ သဘောတရား၊ မူဝါဒ၊ အနှစ်သာရနှင့်ကျင့်ဝတ်များကို လေးလေးစားစား တန်ဖိုးထားပြီး၊ လိုက်နာ ကျင့်သုံးကြရန်နှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတတ်ကျွမ်းသောပညာဖြင့် လုပ်ငန်းနယ်ပယ် အသီးသီးမှာ ကျရာတာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။





ဆက်စပ် သတင်းများ