သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘက်စုံသုံးခန်းမ (Multipurpose Hall) ဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

  • Fri, 24 June 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘက်စုံသုံးခန်းမ (Multipurpose Hall) ဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ


သန်လျင်၊ ဇွန် ၂၄

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘက်စုံသုံးခန်းမ (Multipurpose Hall) ဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘက်စုံသုံး ခန်းမ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ၊ ဌာနမှူးများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာနှင့် စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းတို့က ဘက်စုံသုံးခန်းမအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က ဘက်စုံသုံးခန်းမ စာတမ်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဘက်စုံသုံးခန်းမတွင် လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ်၏ ထုတ်ကုန်နမူနာများ ခင်းကျင်းပြသခြင်း၊ Online Platform ဖြင့် Zoom Application ကို အသုံးပြု၍ Lecture ပို့ချခြင်း၊ LMS Platform ဖြင့် Lecture ပို့ချခြင်းနှင့် ဘက်စုံသုံးခန်းမ ဖွင့်ပွဲအထိမ်းအမှတ် သုတေသနစာတမ်း ဖတ်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးသည်။



အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးဌာနအနေနဲ့ သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းချက် ထားရှိဆောင်ရွက်လျက်ရှိရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ် များ၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများက ပြုစုပျိုးထောင်ပေးလိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် အဓိက လိုအပ်ချက်ဖြစ်ပါကြောင်း၊ မြန်မာ့ပညာရေးမျှော်မှန်းချက်က မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီး ပေးနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ထွန်းစေရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ တက္ကသိုလ်(၂)ခု၊ ကောလိပ်(၃)ခု၊ သက်မွေးပညာသိပ္ပံ(၁)ခုနှင့် သက်မွေးပညာသင်တန်းကျောင်း (၁၈)ကျောင်းတို့မှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအား သင်ကြားမှု၊ သင်ယူမှု အရည်အသွေးထိခိုက်မှုမရှိစေရေး၊ ကျောင်းတက်ရန်အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ကြရန် တတ်နိုင်သည့်ဘက်က ကူညီ ထောက်ပံ့ဖြည့်ဆည်း ပေးခဲ့ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (Fresher) ကျောင်းသား၊ ကျောင်းသူများအတွက် ကျပ် ၁၁၉ သိန်း တန်ဖိုးရှိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ကျပ် ၃၃၆၁၅၀၀ တန်ဖိုးရှိ တူညီဝတ်စုံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသောရေ သောက်သုံးနိုင်ရန်အတွက် လီတာ(၁၀၀၀)ဆန့် ရေသန့်စက်နှင့် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏနှင့် စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ အားကစားပစ္စည်း(၁၅)မျိုးကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)က အနာဂတ်အတွက် အားကိုး အားထားပြုရမယ့် မောင်သစ်လွင် မယ်သစ်လွင်တို့ အပါအဝင် ကျောင်းသား၊ ကျောင်းသူ အားလုံးတို့အတွက် ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးတဲ့နေရာမှာ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ကိုပါ အလေးထားဆောင်ရွက် ပေးခဲ့ပါကြောင်း၊ မောင်သစ်လွင် မယ်သစ်လွင်တို့ အခုရောက်ရှိနေတဲ့ ဘက်စုံသုံးခန်းမကြီးကို ကြီးကျယ်ခမ်းနားထည်ဝါစွာ တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီဘက်စုံသုံးခန်းမကြီးမှာ မောင်သစ်လွင် မယ်သစ်လွင်တို့အတွက် အသိပညာဖလှယ်ပွဲတွေ၊ စာပေဟောပြောပွဲတွေ၊ ဘာသာရပ်ဆိုင်ရာ စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ ပြပွဲ၊ ပြိုင်ပွဲတွေကနေတစ်ဆင့် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမည့် အစီအစဉ်တွေ၊ သင်တန်းတွေကို ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ပေးခဲ့တာဖြစ်လို့ ဒီဘက်စုံသုံးခန်းမကြီးကို အကျိုးရှိစွာအသုံးချပြီး မိမိတို့ရဲ့အရည်အချင်း၊ အရည်အသွေး ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ပြည်သူတွေရဲ့ လူမှု စီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်အောင် တစ်ထောင့်တစ်နေရာကနေ ဆောင်ရွက်နိုင်ဖို့ ဒီတက္ကသိုလ် ကြီးမှာ လူမှုစီးပွားရေးဆိုင်ရာ ပညာရပ်တွေကို ကြိုးကြိုးစားစား လေ့လာသင်ယူကြဖို့ လေးလေးနက်နက် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်(၃၆)ကျောင်းရှိသည့်အနက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)သည် လူမှုစီးပွားရေးပညာတတ်များ မွေးထုတ်ပေးလျက်ရှိတဲ့ တက္ကသိုလ် တစ်ခုဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ၊ ကွန်ပျူတာ ပညာနှင့် နည်းပညာရပ်များ၊ ပညာရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရပ်များ၊ ဆေးနှင့် ဆေးနှီးနွယ် ပညာရပ်များ၊ နိုင်ငံခြားဘာသာပညာရပ်၊ ရေကြောင်းပညာရပ်များကို လေ့လာသင်ယူနိုင်တဲ့ တက္ကသိုလ်များ စုံလင်စွာရှိသကဲ့သို့ လူမှုစီးပွားရေးပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်တစ်ခုရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိသလို တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ သမဝါယမအသင်းအဖွဲ့များနဲ့ စီးပွားရေးလုပ်ငန်းရှင် များအတွက်လည်း လူမှုစီးပွားရေးပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမှာဖြစ်ပါကြောင်း၊ ယခုလို ဘက်စုံသုံးခန်းမကြီး တည်ဆောက်ပေးခဲ့ခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ လူမှုစီးပွားရေးပညာရပ်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာမယ့် မောင်သစ်လွင်၊ မယ်သစ်လွင်များအတွက် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ စာပေ၊ ဂီတနှင့် အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ ဘွဲ့နှင်းသဘင်အခမ်းအနား များကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပပြုလုပ်နိုင်မှာဖြစ်ပါကြောင်း၊ ဘက်စုံသုံးခန်းမသည် တက္ကသိုလ် တစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအဆောက်အအုံဖြစ်သလို တက္ကသိုလ် ဂုဏ်အင်္ဂါရပ်တစ်ခု နှင့် ခန့်ညားထည်ဝါတဲ့ ပြယုဂ်တစ်ခုလည်းဖြစ်ပါကြောင်း၊ မောင်သစ်လွင်၊ မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဘဝ အောင်မြင်မြင့်မားတိုးတက်ရေးအတွက် ပညာရေးကို ဆုံးခန်းတိုင်အောင် လေ့လာသင်ယူကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာမှာ မောင်/မယ်တို့ လေ့လာသင်ယူခဲ့တဲ့ လူမှုစီးပွားရေး ပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာနဲ့ လက်တွေ့အသုံးချ အထောက်အကူပြု ဆောင်ရွက်ပေးနိုင်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ ၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှု ဆန်းသစ်တီထွင်မှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေကျပ် ၂၀ သိန်း ကို ပေးအပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက လက်ခံရယူခဲ့သည်။

ယင်းနောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဘက်စုံသုံးခန်းမ တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအနက် ဘာသာတွဲ အလိုက် အမှတ်အများဆုံး ရရှိသူများကို ဆုချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မြကျွန်း ညိုညိုတက္ကသိုလ် တေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ မောင်မယ်သစ်လွင်များ၏ တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေခြင်းနှင့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဒိန်းဒေါင်နှင့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်ခြင်းများကို ကြည့်ရှုအားပေး၍ ဖျော်ဖြေရေးအဖွဲ့များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်း နှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။





ဆက်စပ် သတင်းများ