Admission

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

သင်တန်းရေးရာဌာန

(၁)    Student Information

        သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သည် ပြည်တွင်း/ ပြည်ပ အဖွဲ့ အစည်း(၆)ခုနှင့် MOU လက်မှတ်ရေးထိုး၍ သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်များနှင့် သုတေသနလုပ်ငန်းများမှတစ်ဆင့် ဆန်းသစ်တီထွင်မှုရှိပြီး အသိဉာဏ်ပညာ တိုးတက် ကြွယ်ဝ၍ အရည်အချင်းပြည့်မီသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သော လူမှုအဖွဲ့အစည်း အထောက်အကူပြု တက္ကသိုလ်တစ်ခုဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သက်မွေးပညာ ဖလှယ်ရေးအစီအစဉ်အရ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တတိယနှစ်သင်တန်းမှ ကျောင်းသူ(၃)ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yangzahou Polytechnic Institute တွင် Business သင်တန်း (၃)နှစ် တက်ရောက်စေခဲ့ရာ Associate Bachelor Degree in Electronic Commerce ရရှိခဲ့ပါသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအား စွမ်းရည်နှင့် အရည်အသွေးရှိသည့် ပညာတတ်လူငယ်များ ဖြစ်ထွန်း လာစေပြီး ပညာရေးအခွင့်အလမ်းကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံ တက္ကသိုလ် များ၊ အဖွဲ့အစည်းများ၊ Project များနှင့် ချိတ်ဆက်၍ ကျောင်းသူ(၈)ဦးအား မလေးရှားနိုင်ငံ၊ စကော့တလန်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ စပိန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံများသို့ စာတမ်းဖတ်ကြားခြင်း၊ Mobility Study Visit နှင့် The ICAEW Southeast Asia Business Challenge ပြိုင်ပွဲများသို့ စေလွှတ်နိုင်ခဲ့ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် အရည် အသွေးအာမခံမှုစနစ် (Quality Assurance System) နှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင် AUN-QA Associate Member နှင့် SEAMEO Schools’ Network Member ဖြစ်ခဲ့ပါသည်။

(၂)    Examination Schedule

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပညာသင်နှစ် တစ်နှစ်တွင် ပညာသင်နှစ်ဝက် (၂)ခုရှိပြီး ပညာသင်နှစ်ဝက် တစ်ခုစီတွင် ပညာသင်ကာလ (၄)လရှိပါသည်။ စာမေးပွဲများကို ပထမနှစ်ဝက်အပြီး မတ်လတွင်(၁)ကြိမ်၊ ဒုတိယနှစ်ဝက်အပြီး စက်တင်ဘာ လတွင် (၁)ကြိမ် ကျင်းပဆောင်ရွက်လေ့ရှိပါသည်။ စာမေးပွဲနှင့်ပတ်သက်သည့် သတ်မှတ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်များတွင် သက်ဆိုင်ရာ နှစ်ဝက်အလိုက် ကျောင်းခေါ်ကြိမ် (၇၅%) မပြည့်မီပါက သက်ဆိုင်ရာနှစ်ဝက်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်မပြုပါ။ စာမေးပွဲဖြေဆိုခွင့် မရသူသည် ၄င်းပညာသင်နှစ် အတွက် စာမေးပွဲတစ်ကြိမ်အကျအဖြစ် သတ်မှတ်ခြင်း ခံရမည်။

          (ခ)     ခိုင်လုံသော ဆေးလက်မှတ် တင်ပြနိုင်ပါက ပညာသင်နှစ် တစ်နှစ်လုံးအတွက် ခွင့်ရက် (၂၁) ရက်အထိ ခွင့်ပြုသည်။

          (ဂ)     စာမေးပွဲများတွင် မသမာသောနည်းများကို အသုံးပြုရန် ကြိုးစားအားထုတ်ခြင်း နှင့် ကျူးလွန်ခြင်းများ တွေ့ရှိပါက သတ်မှတ်ထားသော စာမေးပွဲစည်းကမ်းများ အရ ထိရောက်စွာ အရေးယူခြင်း ခံရမည်။

(၃)    Examination Results

          သင်တန်းနှစ်များအလိုက် အောင်စာရင်းများကို  နိုဝင်ဘာတွင် ထုတ်ပြန်ကြေညာ ပေးလျက်ရှိပါသည်။

(၄)    Admission Outline

          တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာများနှင့် စပ်လျဉ်း၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သည် ပထမနှစ်ဝင်ခွင့်အား သတင်းစာများတွင် သီးခြားကြော်ငြာခေါ်ယူ၍ တိုက်ရိုက်လျှောက်ထားရမည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တစ်ခုဖြစ်ပါသည်။ ဝင်ခွင့် လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူ ဖြစ်ရမည်။ လျှောက်ထားသူများအနက် လက်ခံနိုင်မည့်လူဦးရေ သတ်မှတ်ချက်အရ ရမှတ် အများအနည်းအလိုက် ရွေးချယ်သွားမည်။ သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ် (ပုဂံ)တို့မှ ဒီပလိုမာ ဒုတိယနှစ်သင်တန်းသို့ တက်ရောက်အောင်မြင်ပြီး သတ်မှတ်ချက်နှင့် ညီညွတ်သူများသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တတိယနှစ်သင်တန်းသို့ တက်ရောက်ခွင့် ရှိပါသည်။ ဝင်ခွင့်ရရှိ သူများသည် ကျောင်းအပ်နှံသည့်အချိန်တွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်) အောင်ကြောင်းထောက်ခံစာမူရင်းနှင့် အမှတ်စာရင်းမူရင်းကို တစ်ပါတည်း ယူဆောင်လာရ မည်။ ဤတက္ကသိုလ်သို့ တက်ရောက်ရန် ရွေးချယ်ခြင်းမခံရပါက ကျောင်းသား၊ ကျောင်းသူ များ နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့ အချိန်မီ တက်ရောက်နိုင်ရေး လျှောက်ထားမှု ပြုလုပ်ထားရန် လိုအပ်ပါသည်။ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်တွင် နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ ဝင်ခွင့်လျှောက်ထားသူနှင့် ၎င်း၏ မိဘ(၂)ပါးသည် အမျိုးသား မှတ်ပုံတင်အမှတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/(ပြု)/(ဧည့်) ကိုင်ဆောင် ထားသူဖြစ်ရမည်။

 

(၅)    Admission Policy

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး ဤတက္ကသိုလ်သို့ ပထမနှစ်ဝင်ခွင့် လျှောက်ထားလာသော ကျောင်းသား၊ ကျောင်းသူများအနက် တက္ကသိုလ်၏ သင်ကြားရေး ဆရာ၊ ဆရာမအင်အား စာသင်ခန်းအရေအတွက်ပေါ် မူတည်၍ လက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ၊ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်တို့အရ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားသော ဝင်ခွင့်အမှတ် ရရှိသူများသာ လက်ခံဆောင်ရွက် ပါသည်။

(၆)    Application Guide

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သည် ပထမနှစ်ဝင်ခွင့် လျှောက်ထား ခြင်းနှင့် ပတ်သက်၍ သတင်းစာများတွင် သီးခြားကြော်ငြာခေါ်ယူ၍ တိုက်ရိုက်လျှောက်ထား ရမည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဖြစ်ပါသည်။ ပထမနှစ် ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ်ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလများတွင် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာများမှ ကြော်ငြာခေါ်ယူ၍ လျှောက်လွှာရောင်းချသည့်ကာလမှာ (၁)လ ဖြစ်ပါသည်။ ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် လက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များတွင် ဝယ်ယူနိုင်ပါသည်။

(၇)    Student Life

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်အနေဖြင့် ကျောင်းသူ(၆၀)ဦးဆန့် မြတ်သစ္စာဆောင်ရှိပြီး ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ ထပ်မံတိုးချဲ့ ဆောက်လုပ်နိုင်ရေးအတွက် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် တင်ပြ တောင်းခံလျက် ရှိပါသည်။ ဤတက္ကသိုလ်သို့ တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားစဉ်ကာလအတွင်း Extra Curriculum အဖြစ် အသက်မွေးကျောင်းနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သင်တန်းများဖြစ်သည့် စက်ချုပ် သင်တန်း၊ ဆပ်ပြာပြုလုပ်နည်းသင်တန်း၊ နိုင်လွန်ပန်းထိုးသင်တန်း၊ ပလပ်စတစ်ခြင်း ပြုလုပ်နည်းသင်တန်းနှင့် Paper Art သင်တန်းများ သင်ကြားပို့ချလျက်ရှိပါသည်။ ထို့အပြင် ဤတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းများ၊ City Mart များ၊ ဘဏ်များနှင့် ကုမ္ပဏီ များအား ဖိတ်ကြား၍ Internship and Jobfair ကို နှစ်စဉ်ကျင်းပ ဆောင်ရွက်ပေးလျက် ရှိပါသည်။