သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
- Tue, 6 May 2025
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်
တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၅ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး - Ending Plastic Pollution” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်း ၄၃၀ ကျော် ထုတ်လုပ်နေပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းဖြစ်လာကာ အဆုံးတွင် မြစ်ချောင်းနှင့်ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိခြင်းကြောင့် မိုက်ခရိုပလတ်စတစ်များ သည် လူသားတို့၏ အစာကွင်းဆက်အထိ ရောက်ရှိလာပြီး သက်ရှိများ၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေလျက်ရှိပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာမြေကြီးအတွက် စိုးရိမ်ဖွယ်စိန်ခေါ်မှု တစ်ရပ်ဖြစ်သော်လည်း ယင်းသည် မျက်မှောက်ခေတ် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအနက် ဖြေရှင်း၍ရနိုင်ချေ အများဆုံးရှိသော စိန်ခေါ်မှုဖြစ်ပြီး ဖြေရှင်းနိုင်သည့် နည်းလမ်းများသည်လည်း ကျွန်ုပ်တို့၏ လက်ဝယ်တွင်သာရှိပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု ကင်းစင်ရေးအတွက် ဆောင်ရွက်ချက်များသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးခြင်း၊ ပင်လယ်သမုဒ္ဒရာများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဂေဟစနစ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းအပါအဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်စေရန်အတွက် အရေးကြီးသော ပံ့ပိုးကူညီမှု တစ်ခုဖြစ်ပါကြောင်း၊ ခိုင်မာသော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုင်ရာ ဘက်စုံမူဝါဒများ၏ ပင်မကျောရိုးဖြစ်ပြီး ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း ယခုနှစ် ဆောင်ပုဒ်မှ တိုက်တွန်းနှိုးဆော်ထားပါသည်။
ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး - Ending Plastic Pollution” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော ဆောင်းပါးကို အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
ဆောင်းပါးပြိုင်ပွဲကို တက္ကသိုလ်အဆင့် ကျောင်းသား/သူများ ဝင်ရောက်ယဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ်စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာ အထိ (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ)၊ သတ်မှတ်ထားသော ခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာပုံစံဖြင့် ယှဉ်ပြိုင်ရန်၊ ကွန်ပျူတာစာလုံး (Pyidaungsu)၊ စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်း အကွာအဝေး ၁ ဒဿမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်၊ အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရန်၊ အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထားသော စာမူများမဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်း (ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ Viber နံပါတ်၊ e-mail လိပ်စာ၊ သတ်မှတ်ကျောင်းဝတ်စုံဖြင့် ရိုက်ကူးထားသော Passport ဓာတ်ပုံ Soft Copy) သက်ဆိုင်ရာတက္ကသိုလ်/ကောလိပ်၏ ထောက်ခံချက်တို့ကို ဆောင်းပါးနှင့်အတူပေးပို့ရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင်အသုံးပြုခွင့်ပေးရန်ဖြစ်ပြီး ဆုရွေးချယ်ခံရခြင်းမရှိသော ဆောင်းပါးများအား ပြန်လည်ပေးပို့မည်မဟုတ်ဘဲ ပြိုင်ပွဲဝင်စည်းကမ်းနှင့် မညီညွတ်သော စာမူများအား ပယ်ချသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် ဆောင်းပါးအတွက် စာမူ (Hard+ Soft Copy (Word+Pdf)) တစ်စုံစီ၊ ပြိုင်ပွဲဝင်အမည်၊ မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံ ၃ ပုံ (၁.၅” x ၂” ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ် အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)၊ နေပြည်တော်သို့လည်းကောင်း၊ အီးမေးလ် hr.env.ecd@gmail.com သို့လည်းကောင်း ၂၀၂၅ ခုနှစ်၊ မေလ(၁၃)ရက်၊ အင်္ဂါနေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၄၃၁၃၂၉ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
ဆုရရှိသူများစာရင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန Website နှင့် Facebook Page များတွင် ကြေညာသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၅ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။
ဆုရရှိပါက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လူကိုယ်တိုင် ဆုတက်ရောက်ယူနိုင်သူများသာ ပါဝင်ယှဉ်ပြိုင်ရန် ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန