သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကျင်းပ

  • Tue, 26 August 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကျင်းပ


သန်လျင် ဩဂုတ် ၂၆

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကို ၂၆-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ရာတွင် အထူးပြုဘာသာရပ်ရွေးချယ်ခြင်းသည် အနာဂတ်ဘဝ၏ အသက်မွေးဝမ်းကြောင်းမှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ မေဂျာရွေးချယ်ရာတွင် စိတ်ပါဝင်စားမှု၊ မိမိကိုယ်ပိုင်အရည်အချင်းနှင့် အားသာချက်များ၊ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများကို ထည့်သွင်းစဉ်းစားရွေးချယ်ရမည် ဖြစ်ကြောင်း၊ မိမိတို့စိတ်ပါဝင်စားစွာ လေ့လာသင်ယူလိုသည့် အထူးပြုဘာသာရပ်ကို လေ့လာသင်ယူ နိုင်ရန် စိတ်အားထက်သန်စွာဖြင့် ကြိုးစားကြစေလိုကြောင်း၊ မှန်ကန်သောရွေးချယ်မှုဖြင့် မောင်/မယ် တို့၏ ဘဝကို လှပစွာ ထုဆစ်ပုံဖော်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် နေ့ထူးနေ့မြတ်အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ရာ ပါမောက္ခချုပ်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသူတို့အားလည်းကောင်း၊ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲတွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ဒုတိယဆု ရရှိခဲ့သည့် ကျောင်းသူအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် ဖိတ်ခေါ်စာပေပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲတွင် “လူ့အဖွဲ့အစည်းတစ်ရပ်လုံးတိုးတက်ရေး အမျိုးသမီးများကဏ္ဍ မြှင့်တင်ပေး”ခေါင်းစဉ်ဖြင့် အထူးဆု(၁)ရရှိခဲ့သည့် ကျောင်းသူအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် “လူငယ်ဖိုရမ်”နှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် “သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသောမြို့ပြနှင့် ကျေးလက်လူငယ်များ၏ လူမှုအသိုက်အဝန်းဖော်ဆောင်ရေး” ခေါင်းစဉ်ဖြင့် Presentation အထူးဆုရရှိခဲ့သည့် ကျောင်းသူနှင့် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသားများအားလည်းကောင်း၊ “လူငယ်များပါဝင်သည့် တိုးတက်ခိုင်မာ အားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသူအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ဒုတိယပါမောက္ခချုပ်(သင်ကြား)က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များအားလည်းကောင်း၊ ၂၀၂၅ ခုနှစ် “(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသူများအား ပါမောက္ခ(ဌာနမှူး)၊ မြန်မာစာဌာနက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အထူးပြုဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဤတက္ကသိုလ်၏ အထူးပြုဘာသာရပ်များ ဖြစ်သည့် စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြု၊ အသုံးချစာရင်းအင်းပညာအထူးပြု၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုနှင့် လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်များနှင့် စပ်လျဉ်း၍ အထူးပြုဘာသာရပ်ဌာန (၅)ခုမှ ပါမောက္ခ(ဌာနမှူး)များနှင့် ဘာသာရပ်တာဝန်ခံများက သက်ဆိုင်ရာအထူးပြုဘာသာရပ်အလိုက် ရွေးချယ်သင်ယူသင့်သည့်အကြောင်းရင်း၊ ဘာသာရပ်၏အသုံးဝင်မှု၊ ဘာသာရပ်သင်ကြားခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အထူးပြုဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား/သူများအကြောင်းနှင့် Extra Curriculum Activities များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာ ဟောပြောပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ