သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဒသမအကြိမ်ဘွဲ့နှင်းသဘင်ကျင်းပ

  • Sun, 9 November 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဒသမအကြိမ်ဘွဲ့နှင်းသဘင်ကျင်းပ


ရန်ကုန် နိုဝင်ဘာလ ၉


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဒသမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို  ၉-၁၁-၂၀၂၅ ရက် (တနင်္ဂနွေနေ့)၊ နံနက် (၉:၀၀)နာရီ တွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အစီအစဉ် (၂)ရပ်ဖြင့် ကျင်းပခဲ့ပြီး ပထမပိုင်းအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထူးပြုဘာသာရပ် အလိုက် အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။



 ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် တက္ကသိုလ်ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ဘွဲ့များပေးအပ်ချီးမြှင့်ပြီးနောက် ပါမောက္ခချုပ်မှ ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားရာတွင်  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် “အမျိုးသားရေး စိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ်အခြေခံရှိပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အရည်အချင်းရှိသော ဘွဲ့ရများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖြစ်လာစေရန်” ဆိုသည့် ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ နိုင်ငံတော်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် လူမှုစီးပွားရေး ပညာတတ်ဘွဲ့ရမောင်မယ် လူ့စွမ်းအားအရင်းအမြစ် (၈၇၂၃)ဦး ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်  မိမိတို့၏အထူးပြုဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများအပြင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများနှင့် လူမှုစီးပွားရေးဆိုင်ရာပညာရပ်များ၏ သီအိုရီသဘောတရား၊ အနှစ်သာရနှင့်ကျင့်ဝတ်များကို လေ့လာသင်ယူပြီးဖြစ်၍ လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အဆင့်မြင့်ပညာရေးသည် နိုင်ငံရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်ပါကြောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် အဆင့်မြင့်ပညာကဏ္ဍတွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများတွင် လိုအပ်နေသည့် အရည်အချင်းပြည့်မီသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ၂၁ ရာစု လူမှုစီးပွားရေး အခြေအနေအရ လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ဘွဲ့ရမောင်တို့မယ်တို့ကို တက္ကသိုလ်က ပြုစုပျိုးထောင်ပေးခဲ့ပြီးဖြစ်၍ တက္ကသိုလ်၏ဆောင်ပုဒ်ဖြစ်သည့် “အတူတကွသင်ယူ အတူတကွ ဦးဆောင်ခြင်းဖြင့် လူမှုအသိုက် အဝန်းအတွက် အကျိုးပြုတက္ကသိုလ်တစ်ခုဖြစ်ရမည်” “A University for the Community: Together We Learn, Together We Lead” ဆိုသည့်အတိုင်း မောင်တို့မယ်တို့ မျိုးဆက်သစ် လူငယ်များအနေဖြင့် တက္ကသိုလ်က ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပို့ချပေးခဲ့သည့် အသိပညာ၊ အတတ်ပညာများနှင့် လူမှုအသိုက်အဝန်းအတွက် လက်တွေ့အကျိုးပြုရန် မှာကြားလို ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများကို မျက်ခြေမပြတ် လေ့လာပြီး ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး လူမှုရေးတာဝန် ကျေပွန်သည့် လူမှုစီးပွားရေးလုပ်ငန်းစွမ်းဆောင်ရှင်ကြီးများ (Social Entrepreneur)များ ဖြစ်အောင် မိမိကိုယ်ကို ကြိုးစားတည်ဆောက်သွားကြဖို့လည်း တိုက်တွန်းမှာကြားလိုပါကြောင်း၊ မောင်မယ်တို့အနေဖြင့် လက်ရှိပညာအရည်အချင်းဖြင့် ရပ်တန့်မနေဘဲ ဘဝတစ်သက်တာပညာသင်ယူမှု (Life Long Learning) စနစ်ကို လက်ခံကျင့်သုံးမှသာ မိမိနိုင်ငံ၏လိုအပ်ချက်များ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကို မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အရည်အချင်း ပြည့်ဝစွာဖြင့် မိမိနိုင်ငံ၏အကျိုးကို ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဘွဲ့ရမောင်မယ်တို့အနေဖြင့် တိုင်းကျိုး ပြည်ပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာဘက်စုံပြည့်ဝသည့် အမိတက္ကသိုလ်ဂုဏ်ဆောင် သားကောင်း၊ သမီးကောင်းမောင်မယ်များ အဖြစ် အားသွန်ခွန်စိုက် ကြိုးစားပါဝင်ဆောင်ရွက်ကြစေဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတတ်ကျွမ်းသောပညာဖြင့် လုပ်ငန်းနယ်ပယ် အသီးသီးမှာ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြစေလိုပါကြောင်း အလေးအနက် တိုက်တွန်းမှာကြားခဲ့ပါသည်။ 


အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့(၂)ဦး၊ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ ဘွဲ့လွန်ဒီပလိုမာ(၁)ဦးနှင့် စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ) (၈၂)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ) (၆၇)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) (၅၀)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) (၄၅)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ) (၃၇)ဦး၊ စုစုပေါင်း တက်ရောက်ဘွဲ့ယူသူ (၂၄၄)ဦး နှင့် အဝေးရောက်ဘွဲ့ယူသူ (၄၀)ဦး တို့အား ဘွဲ့လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး ဘွဲ့နှင်းသဘင်ကို နေ့လယ်(၁၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

ဆက်စပ် သတင်းများ