သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Knowledge Sharing Session ကျင်းပ
- Tue, 9 December 2025
သန်လျင်၊ ဒီဇင်ဘာ ၈

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ချိတ်ဆက်၍ Knowledge Sharing Session အခမ်းအနားကို ယနေ့ နံနက်၉နာရီခွဲတွင် ဘက်စုံသုံးခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ပါမောက္ခချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် UMFCCI မှ အထွေထွေအတွင်းရေးမှူးချုပ်၏ ချိတ်ဆက်ဆောင်ရွက်ပေးမှု ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၊ ဒုံဟွာတက္ကသိုလ်မှ ပါမောက္ခ Dr. Bin Shen မှ မိမိတို့ တက္ကသိုလ်သို့ လာရောက်၍ အသိပညာပေးအစီအစဉ်တွင် ဟောပြောဆွေးနွေးပေးခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့တက္ကသိုလ်နှင့် ဒုံဟွာတက္ကသိုလ်တို့အကြား ဆရာ၊ ကျောင်းသား ဖလှယ်ရေးအစီအစဉ်များ၊ ပူးတွဲသုတေသနလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များနှင့် အသိပညာမျှဝေခြင်း အစီအစဉ်များ အစရှိသည့် အခွင့်အလမ်းများကို အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်နိုင်ပါက မိမိတို့ တက္ကသိုလ်နှစ်ခုအကြားတွင် ပညာရပ်ဆိုင်ရာနှင့် ဒေသဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က Knowledge Sharing Session ကျင်းပရခြင်း အဓိကအကြောင်းအရင်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၊ ဒုံဟွာတက္ကသိုလ် (Donghua University)၊ Glorious Sun School of Business and Management မှ Vice Dean and Professor Dr. Bin Shen က “One Belt One Road Initiative and its Impact on the Myanmar Textile and Apparel Industry” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Vice Dean and Professor Dr. Bin Shen အား ပါမောက္ခချုပ်က အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။




-80x80.jpg)





