သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ
- Tue, 27 January 2026
သန်လျင်၊ ဇန်နဝါရီ ၂၇


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကိုရီးယား-မြန်မာသုတေသနအဖွဲ့အစည်း (Korea Myanmar Research Association - KOMYRA) တို့၏ ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့တက္ကသိုလ်အနေဖြင့် တက္ကသိုလ် စတင်တည်ထောင်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ “အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံရှိပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အရည်အချင်းရှိသော ဘွဲ့ရများကို မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်လာစေရန်” ရည်ရွယ်ချက် ထားရှိဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်စတင်တည်ထောင်ခဲ့သည့်ကာလမှစတင်၍ တက္ကသိုလ်၏ အဓိကပင်မလုပ်ငန်းတာဝန်များဖြစ်သည့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနပြုလုပ်ရေးနှင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသနဆိုသည်မှာ တက္ကသိုလ်တစ်ခု၏ အသက်သွေးကြောဖြစ်ပြီး သုတေသနမရှိသော တက္ကသိုလ်သည် အမြစ်မရှိသော သစ်ပင်နှင့်တူပါကြောင်း၊ ယနေ့ခေတ်တွင် ပညာရေးသည် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုသာ ကန့်သတ်ထားသည်မဟုတ်ဘဲ အရည်အသွေးမြင့်ပညာရေး (Quality Education) နှင့် သုတေသနအခြေပြုပညာရေး (Research Based Education) တို့ကို အလေးထားဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဤနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဖလှယ်မှုများ ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများစွာကို ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင်ကြားရေးဆရာ၊ ဆရာမများ၏ သုတေသနအရည်အသွေးများ မြင့်မားလာစေပြီး တက္ကသိုလ်၏ ဂုဏ်သတင်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကိုရီးယား-မြန်မာသုတေသနအဖွဲ့အစည်းမှ ဥက္ကဋ္ဌ Dr. Kang Shinwon က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးချုပ်ဆိုရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါနှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးပါက နှစ်ဦး နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဖလှယ်ခြင်း၊ သင်ကြားရေး ဆရာ၊ ဆရာမများ ဖလှယ်ခြင်း၊ သုတေသနဆိုင်ရာဆွေးနွေးပွဲများနှင့် ညီလာခံများ ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းများထုတ်ဝေခြင်း စသည့် ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ပါမောက္ခချုပ်၊ ကိုရီးယား - မြန်မာသုတေသနအဖွဲ့အစည်းမှ ဥက္ကဋ္ဌ Dr. Kang Shinwon၊ ဒုတိယဥက္ကဋ္ဌ Dr. Choi Youngjun နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။




-80x80.jpg)






