သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပါမောက္ခချုပ်ဖလား (အမျိုးသား၊ အမျိုးသမီး) ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ အခမ်းအနားကျင်းပ
- Mon, 2 February 2026
သန်လျင်၊ ဖေဖေါ်ဝါရီ ၂


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်ဖလား (အမျိုးသား၊ အမျိုးသမီး) ဖူဆယ်ဘောလုံး ၂၀၂၆ ခုနှစ်၊ အားကစားပြိုင်ပွဲကို ၂၇-၁-၂၀၂၆ ရက်နေ့မှ ၂-၂-၂၀၂၆ ရက်နေ့အထိ တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပါမောက္ခချုပ်ဖလား (အမျိုးသား၊ အမျိုးသမီး) ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုဘာသာရပ်အသင်း၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်အသင်း၊ အသုံးချစာရင်းအင်းပညာအထူးပြုဘာသာရပ်အသင်း၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုဘာသာရပ်အသင်း၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ် အသင်းနှင့် ပထမနှစ်အသင်း၊ စုစုပေါင်း အသင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲကို ၂၇-၁-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အားကစားအသင်းများမှ အားကစားသစ္စာ အဓိဌာန်(၄)ချက်ကို ရွတ်ဆို၍ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဒေါ်မြင့်မြင့်စိန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများသည် သတ်မှတ်ထားသည့် ပွဲစဉ်များအတိုင်း ယှဉ်ပြိုင်ကစားခဲ့ကြ ပါသည်။
ဆက်လက်၍ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂-၂-၂၀၂၆ ရက်နေ့ နေ့လယ် ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပါမောက္ခချုပ်ဖလားဖူဆယ်ဘောလုံးပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ခန်းအတွင်းပညာရပ်များသာမက စာသင်ခန်းပြင်ပတွင်ပါ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲသည် ကိုယ်ခန္ဓာကျန်းမာရေးကိုသာမက စိတ်ဓါတ်ခိုင်မာမှု၊ အဖွဲ့လိုက်ဆောင်ရွက်နိုင်မှု၊ ဆုံးဖြတ်ချက်မြန်ဆန်စွာချမှတ်နိုင်မှု စသည့် လူတစ်ဦး၏ဘဝအောင်မြင်မှုအတွက် အရေးပါသည့် အရည်အသွေးများကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများ၏ အောင်မြင်မှုသည် လေ့ကျင့်မှု၊ စည်းကမ်းနှင့် အဖွဲ့လိုက်စည်းလုံးညီညွတ်မှုတို့၏ ရလဒ်များပင်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍဆိုသည်မှာ ပညာရေးနှင့် ခွဲခြားမရသည့် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝတွင် စာပေပညာ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုစသည့် သီအိုရီပညာရပ်များအပြင် အားကစားပြုလုပ်ခြင်းမှတစ်ဆင့် ခေါင်းဆောင်မှုစွမ်းရည်၊ အသင်းအဖွဲ့လိုက်စုပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည်၊ အချိန်စီမံခန့်ခွဲမှုနှင့် စည်းကမ်းလိုက်နာမှုများကို လေ့လာသင်ယူနိုင်မှာဖြစ်သည့်အတွက် မိမိတို့တက္ကသိုလ်အနေဖြင့် ပညာရေးနှင့်အတူ အားကစား၊ ယဉ်ကျေးမှုနှင့် လူမှုရေးလှုပ်ရှားမှုများကို အစဉ်အမြဲ အားပေးမြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြိုင်ပွဲမဝင်မီနှင့် ပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း ဖူဆယ်ဘောလုံးအားကစားကွင်းအတွင်း သင်ယူရရှိခဲ့သည့် စည်းကမ်း၊ ကြိုးစားမှုနှင့် အဖွဲ့အစည်းစိတ်ဓါတ်များကို စာသင်ခန်းအတွင်းသာမက မိမိတို့၏ ဘဝခရီးတစ်လျှောက် အမြဲတမ်းလိုက်နာကျင့်သုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
အဆိုပါ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက hat-trick ဂိုးသွင်းဆုရရှိသော လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ် အသင်းမှ ကျောနံပါတ်(၁၀) မောင်ထွန်းသုတအား ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင် ဘောလုံးအားလည်းကောင်း၊ ပထမဆု ရရှိသော အမျိုးသား လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ် အသင်း နှင့် အမျိုးသမီး ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုဘာသာရပ် အသင်းတို့အား ဆုဖလား၊ ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်း ဆုတံဆိပ်များအား လည်းကောင်း၊ ဒုတိယဆုရရှိသော အမျိုးသား ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုဘာသာရပ်အသင်း နှင့် အမျိုးသမီး ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်အသင်းတို့အား ဒုတိယပါမောက္ခချုပ်(သင်ကြား) မှ လည်းကောင်း၊ တတိယဆုရရှိသော အမျိုးသား စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုဘာသာရပ်အသင်းနှင့် အမျိုးသမီး စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုဘာသာရပ်အသင်းတို့အား အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ဦးကျော်ဖုန်းနိုင်မှ ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်းဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။




-80x80.jpg)





