သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ

  • Fri, 6 February 2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ


သန်လျင်၊ ဖေဖေါ်ဝါရီ ၆

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ဘက်စုံသုံးခန်းမ၌  (၆-၂-၂၀၂၆) ရက်နေ့   နေ့လယ် ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ 






အဆိုပါ အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာ၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခွင့် ရရှိခဲ့သည့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူနှစ်ဦးနှင့် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် လက်ထောက်ကထိက ဆရာမတစ်ဦးမှ အတွေ့အကြုံများထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို လူငယ်များ၏ အတွေ့အကြုံ၊ အတွေးအမြင်များနှင့် စိတ်ကူးစိတ်သန်းများကို အနာဂါတ်အတွက် အင်အားတစ်ရပ်အဖြစ် ပြောင်းလဲပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊  လူငယ် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သည် လူငယ်များကို စာအုပ်ထဲတွင်ရှိသည့် အယူအဆအဖြစ်သာမက လက်တွေ့ဘဝအတွင်း နားလည်အောင် ဆောင်ရွက်နိုင်စေရန် တိုက်တွန်းအားပေးခဲ့သည့် ဖိုရမ် တစ်ခုပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယဉ်ကျေးမှု၊ ကွဲပြားခြားနားမှုများကို လေးစားနားလည်ခြင်း၊ အမြင်မတူမှုများကို ဆွေးနွေးညှိနှိုင်းနိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို တိုင်းဒေသ ကြီး၊ ပြည်နယ်အသီးသီး၊ တက္ကသိုလ်များနှင့် အဖွဲ့အစည်းအသီးသီးမှ လူငယ်များတက်ရောက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ လူငယ်များသည် စိတ်ကူးသစ်၊ စွန့်စားတီထွင်နိုင်စွမ်းများနှင့် အနာဂါတ်ကိုပြောင်းလဲနိုင်စွမ်းရှိသော တန်ဖိုးအမြင့်ဆုံး အင်အားစုဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ့်အားမာန်ဖြင့် ကြိုးစားတည်ဆောက်ကြရမှာဖြစ်ပါကြောင်း တိုက်တွန်း မှာကြားခဲ့ပါသည်။




ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) တွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနမှ လက်ထောက်ကထိက ဒေါ်ဧလာကျော်က ဖိုရမ်ကျင်းပရသည့် ရည်ရွယ်ချက်များ၊ ဆွေးနွေးချက် များနှင့် လေ့လာတွေ့ရှိချက်များကို ဗဟုသုတရရှိစေရန် မျှဝေခဲ့ပြီး စတုတ္ထနှစ်၊ အသုံးချစာရင်းအင်း ပညာအထူးပြု‌ ကျောင်းသား မောင်ဝင်းမြတ်အောင် နှင့် စတုတ္ထနှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ အထူးပြု ကျောင်းသူ မဖူးရွှေစင်တို့က ၎င်းတို့ရရှိခဲ့သည့် အတွေ့အကြုံများ၊ ဗဟုသုတများ‌ကို ထပ်ဆင့်ရှင်းလင်း၍ မျှဝေခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ယနေ့အတွေ့အကြုံထပ်ဆင့်ရှင်းလင်းပွဲမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများကို ကျောင်းသား၊ ကျောင်းသူများကိုယ်စား မောင်အောင်မြတ်ဇော် (အသုံးချစာရင်းအင်းပညာအထူးပြု၊ တတိယနှစ်)၊ မသဇင်မိုး (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှု ပညာအထူးပြု၊ တတိယနှစ်) နှင့် မမေသူနိုင် (စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု၊ တတိယနှစ်) တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၌ ကျင်းပခဲ့သည့် စိတ်ကူးဖြင့်ပုံဖော်ရေးဆွဲခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် စတုတ္ထနှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုကျောင်းသူ မဖူးရွှေစင်အား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ (ဌာနမှူးများ)၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။









ဆက်စပ် သတင်းများ