သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT CAREER & INTERNSHIP FAIR 2026 ကျင်းပ
- Thu, 26 February 2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT CAREER & INTERNSHIP FAIR 2026 ကို ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ Secretary General ဒေါ်ခိုင်ခိုင်နွယ်၊ SME Development Bank ၏ Chairman, Super One Holdings Co.,Ltd ၏ CFO & Founder သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီ နှင့် ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက အဖွင့်အမှာစကား ပြောကြားရာ၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ(၇)ချက် အနက် တစ်ချက်ဖြစ်သည့် “ကောင်းမွန်သော စီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ”ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် “အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ မွေးထုတ်ကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်” ဆိုသည့် လုပ်ငန်းစဉ်နှင့်အညီ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် လိုအပ်သည့် Human Resource များကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ တက္ကသိုလ်ဘွဲ့ရဦးရေ (၈၇၂၃)ဦး ရှိပြီး ဘွဲ့ရကျောင်းသား၊ ကျောင်းသူ ဦးရေ၏ ၈၄% သည် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ကိုယ်ပိုင်လုပ်ငန်းများနဲ့ ပြည်ပတွင်အလုပ်အကိုင်များ တွင် လုပ်ကိုင်နေကြသူများ ဖြစ်ပါကြောင်း၊ အလုပ်သင်နှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရန်၊ လုပ်ငန်းခွင် အတွေ့အကြုံများရရှိစေရန်နှင့် မိမိတို့၏အနာဂတ် အလုပ်အကိုင်ကို ရှင်းလင်းစွာ ရွေးချယ်နိုင်ရန် အရေးပါသော အခွင့်အလမ်း ဖြစ်ပါကြောင်း၊ အလုပ်သင် (Internship) အတွေ့အကြုံများနှင့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲ (Career Fair) များသည် ပညာရေးနှင့် လုပ်ငန်းခွင်အကြား ပေါင်းစည်းချိတ်ဆက် ပေးသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ အရည်အချင်းများကို ဆက်လက် မြှင့်တင်ပြီး အနာဂတ်တွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် ကြပါဟု တိုက်တွန်းမှာကြား ခဲ့ပါသည်။
၎င်းနောက် “From Campus to Career: Preparing for Professionalism” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ Secretary General ဒေါ်ခိုင်ခိုင်နွယ် က Moderator အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး Panelistများအဖြစ် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ယခင်သမဝါယမတက္ကသိုလ် (သန်လျင်) အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်း၊ SME Development Bank ၏ Chairman, Super One Holdings Co.,Ltd ၏ CFO & Founder သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီ၊ Myanmar Belle Co.,Ltdမှ Chairman ဦးရဲမြင့်မောင် နှင့် ရွှေဇီဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း မှ Factory Operations Manager ဒေါက်တာခင်ဆွေအေးတို့က ဆောင်ရွက် ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဆရာကြီး၊ ဆရာမကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ပါသည်။
UCMT CAREER & INTERNSHIP FAIR 2026 တွင် ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက ၎င်းတို့လက်ရှိ ဆောင်ရွက်နေသည့်အခြေအနေများ၊ အနာဂတ် ရည်မှန်းချက်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက မိမိတို့စိတ်ပါ ဝင်စားသည့် ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်း များတွင် အလုပ်အကိုင်များ လျှောက်ထား ခဲ့ကြပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)အနေဖြင့် သမဝါယမဒီဂရီကောလိပ် အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာပြပွဲတွင် တက္ကသိုလ်၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ ညီနောင်အသင်းအဖွဲ့များ၊ ဘဏ်များ၊ ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းပေါင်း(၂၉)ခုမှ လုပ်အားခပေးအလုပ်သင်(Paid Internship) နှင့် အလုပ်အကိုင်အခွင့်အလမ်းများ လာရောက်ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။








