သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် CABM (First Batch) သင်တန်းသား၊သင်တန်းသူများ၏ လုပ်ငန်းခွင်လေ့လာရေးခရီးသွားရောက်ခြင်း

  • Mon, 22 June 2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် CABM (First Batch) သင်တန်းသား၊သင်တန်းသူများ၏ လုပ်ငန်းခွင်လေ့လာရေးခရီးသွားရောက်ခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနမှ (ဌာနမှူး) ဦးဆောင်၍ စာရင်းအင်းပညာဌာနမှ ပါမောက္ခ (ဌာနမှူး)၊ စီမံခန့်ခွဲမှုပညာဌာနမှ တွဲဖက်ပါမောက္ခ (ခေတ္တဌာနမှူး) နှင့် ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် Certificate in Agribusiness Management-CABM (First Batch) သင်တန်းသား၊ သင်တန်းသူများသည် ၂၁-၆-၂၀၂၆ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်တိုင်း ဒေသကြီး၊လှည်းကူးမြို့နယ်ရှိ Waste to Value စနစ်ဖြင့် ဌက်ပျောပင်၊ မြက်ပင်တို့ကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် Green Banana Myanmar လုပ်ငန်းနှင့် မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှု ဖြင့် မုန့်ညင်းမျိုးနွယ်အပင်များအား ဓာတုကင်းလွတ်စနစ်ဖြင့် အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိသည့် စိုက်ပျိုးရေးသမဝါယမအသင်းသို့ လုပ်ငန်းခွင်လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ 

အဆိုပါလေ့လာရေးခရီးတွင် Green Banana Myanmar Founder ဦးမြင့်သိန်းက ငှက်ပျောပင်နှင့်မြက်ပင်တို့မှ ရရှိသော ကုန်ကြမ်းများကို အသုံးပြုပြီး လူသုံးကုန် ပစ္စည်းများဖြစ်သည့် လက်ကိုင်အိတ်များ၊ ဖိနပ်၊ ဦးထုပ်၊ ဖျာ၊ ယင်းလိပ်၊ အထည်၊ မီးအိမ်၊ စက္ကူနှင့် တီကျစ်မြေဩဇာထုတ်လုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက လက်တွေ့လေ့လာခွင့်ရရှိခဲ့ပါသည်။ ထွန်းစိုက်ပျိုရေး သမဝါယမအသင်းမှ တောင်သူမချောစုက ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် ဧက (၆၀) စိုက်ကွင်းတွင် မုန့်ညင်းအနွယ်ဝင် (၉) မျိုးစိုက်ပျိုးရာတွင် သဘာဝမြေဩဇာ အသုံးပြုသည့် နည်းစနစ်၊ ရေသွင်းစိုက်ပျိုးသည့်စနစ်၊ အပင်ပြုစုပျိုးထောင်သည့်စနစ်နှင့် ထုတ်ပိုးပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊သင်တန်းသူများမှ လက်တွေ့ လေ့လာခွင့်ရရှိခဲ့ပါသည်။ လေ့လာရေးခရီးသွားရောက်ကြသည့် သင်တန်းသား၊သင်တန်းသူ များအနေဖြင့် သင်တန်းတွင် သင်ကြားနေသောဘာသာရပ်များနှင့် လုပ်ငန်းခွင် ချိတ်ဆက်လေ့လာခွင့်ရရှိခြင်းနှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို တန်ဖိုးမြှင့်တင်ခြင်းမှ ဈေးကွက်ချဲ့ထွင်နိုင်သည့် အခွင့်အလမ်းများကို လေ့လာခွင့်ရသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။












ဆက်စပ် သတင်းများ