သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ
- Fri, 26 June 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP) အဖွဲ့အစည်းနှစ်ခုသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် ပူးတွဲသုတေသန အစီအစဉ်များ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အသိပညာမျှဝေခြင်းနှင့် ပူးတွဲစီမံကိန်းများကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ (MH-109) ၌ Zoom Platform ကို အသုံးပြု၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့အခမ်းအနားသည် အဖွဲ့အစည်းနှစ်ရပ်လုံးအတွက် အရေးပါသော မှတ်တိုင် တစ်ခုဖြစ်ပါကြောင်းနှင့် အဖွဲ့အစည်းနှစ်ရပ်လုံး၏ အပြန်အလှန်ယုံကြည်မှု၊ တူညီသော စံတန်ဖိုးများနှင့် ပညာရေး၊ သုတေသနဆောင်ရွက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ မျှော်မှန်းချက်မှာ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံရှိပြီး သမဝါယမနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အရည်အချင်းရှိသော ဘွဲ့ရများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခု ဖြစ်လာစေရန် ဖြစ်ပါကြောင်း၊ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသော ယခုခေတ်တွင် တက္ကသိုလ်အနေဖြင့် ဘွဲ့ရများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးသာမက လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု များစွာကို ထိရောက်စွာ တုံ့ပြန်နိုင်သော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အနာဂတ်ခေါင်းဆောင်များ၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထရှိသော Youth Co-operators များ၊ စွန့်ဦးတီထွင်သူများ၊ သုတေသီများနှင့် တာဝန်သိနိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အတူ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ ဦးစီးဌာနများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် တက္ကသိုလ်အနေဖြင့် အရည်အသွေးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များဖြင့် အထောက်အပံ့ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သမဝါယမနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များကို ဦးတည်သင်ကြားပေးလျက်ရှိသော တက္ကသိုလ်အနေဖြင့် ကျွမ်းကျင်မှုရှိသော၊ ကျင့်ဝတ်ကောင်းမွန်သော၊ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး သမဝါယမစိတ်ဓာတ်ပြည့်ဝသော လူငယ်သမဝါယမပညာရှင်များကို မွေးထုတ်ပေးရန် အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤနားလည်မှုစာချွန်လွှာမှတစ်ဆင့် ပူးတွဲသုတေသန လုပ်ငန်းများ၊ ပညာရေးဆိုင်ရာ ဖလှယ်မှုများ၊ ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်မိပါကြောင်း၊ ယနေ့လက်မှတ်ရေးထိုးပွဲသည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP) နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တို့အကြား ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေ့လာသင်ယူမှုနှင့် အတူတကွအောင်မြင်မှုများအတွက် ခိုင်မာ သော အခြေခံအုတ်မြစ်တစ်ခုဖြစ်လာမည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း” ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP) ၏ ညွှန်ကြားရေးမှူးချုပ် Dr. P Chandra Shekara က နှစ်ဦး နှစ်ဖက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးနောက် အဖွဲ့အစည်းနှစ်ခု ပူးပေါင်း၍ Joint Research များ ပြုလုပ်ပြီး Publication လုပ်ခြင်းအားဖြင့် UCMT တက္ကသိုလ်နှင့် CIRDAP ၏ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံမှ တက္ကသိုလ်များပါ အကျိုးရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) မှ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုများ ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP) ၏ ညွှန်ကြားရေးမှူးချုပ် Dr.P.Chandra Shekara ဦးဆောင်သည့် CIRDAP မှ ပညာရှင်/ Experts များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား၊ စီမံ (၁၄) ဌာနမှ ဌာနမှူးများ၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။






-80x80.jpg)