သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
- Thu, 9 July 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၇-၇-၂၀၂၆) ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၏ အဓိက ရည်ရွယ်ချက်မှာ သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိနားလည်မှု၊ စနစ်တကျပြင်ဆင်မှုနှင့် အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်မှုတို့မှတစ်ဆင့် အသက်နှင့်ပစ္စည်းဆုံးရှုံးမှုများကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်စေရန် ဖြစ်ပါကြောင်း၊ အရေးပေါ်အခြေအနေများတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရုံသာမက အခြားသူများကိုလည်း စနစ်တကျကူညီနိုင်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် ယုံကြည်မှုများရရှိစေရန် ရည်ရွယ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊ မုန်တိုင်း၊ မြေငလျင်၊ မီးလောင်မှု၊ မြေပြိုမှုနှင့် အပူလှိုင်းများ ပိုမိုဖြစ်ပွားလာလျက် ရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုသည် အကောင်းဆုံးကာကွယ်ရေး ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်မည့် ဇာတ်တိုက်လေ့ကျင့်မှုကို သာမန်ဟု မမြင်ဘဲ မိမိနှင့် မိမိပတ်ဝန်းကျင်၏ အသက် အိုးအိမ်ကို ကာကွယ်နိုင်မည့် အရေးကြီးသော Life Skills လေ့ကျင့်မှုအဖြစ် ခံယူစေလိုပါကြောင်း၊ တက္ကသိုလ် အနေဖြင့် “University for the Community: Together We Learn, Together We Lead” ဟူသော ဆောင်ပုဒ်နှင့်အညီ ဘေးကင်းလုံခြုံသော သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းကို အတူတကွ တည်ဆောက်နိုင်ရန် လေ့လာသင်ယူ၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသူအားလုံး အချိန်ကိုအကျိုးရှိစွာ လေ့လာမှတ်သား လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးဇော်မျိုးဝင်းက မီးဘေး၊ အရေးပေါ်ငလျင်ဘေး၊ ရေဘေးဖြစ်ပေါ်ခြင်း အခြေအနေများ၊ အနယ်နယ် အရပ်ရပ်တွင်ဖြစ်ပေါ်ခဲ့သော လတ်တလောအခြေအနေများနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက် ခဲ့သည့် ဗွီဒီယိုမှတ်တမ်း၊ အန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရန် အခြေအနေများနှင့် မီးသတ် ဦးစီးဌာန၏ Social Media စာမျက်နှာများပေါ်တွင် အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် ပညာပေးဇာတ်လမ်းတိုများအား ဝင်ရောက်ကြည့်ရှုစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြော ခဲ့ပါသည်။ ဆက်လက်၍ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး၊ ဦးဇင်ထက်လွင်မှ အရေးပေါ်ရေကြီးရေလျှံဖြစ်ပေါ်လာပါက (Life Jacket) စနစ်တကျ ဝတ်ဆင် တတ်စေရန် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးဖြင့် လက်တွေ့ သရုပ်ပြသခဲ့ကြပြီး သိလိုသည်များကို မေးမြန်း ခဲ့သည့်အပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ပါမောက္ခချုပ်က သန်လျင်ခရိုင်၊ မီးသတ်ဦးစီးဌာနနှင့် သန်လျင်မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ၎င်းနောက် သန်လျင်ခရိုင်မီးသတ်ဦးစီးဌာနနှင့် သန်လျင်မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ အရေးပေါ် မီးလောင် ခြင်းအား အမြန်ဆုံး မီးငြိမ်းသတ်မှုသရုပ်ပြလေ့ကျင့်ခြင်း၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများ၏ အရေးပေါ် ထိခိုက်ဒဏ်ရာ ရရှိလျှင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုသရုပ်ပြခြင်းများအား လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြပါသည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား/ စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သန်လျင်ခရိုင် မီးသတ်ဦးစီးဌာန၊ သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင် များ စုစုပေါင်း (၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။








