သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ

  • Sat, 11 July 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ ဟောပြောပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အနာဂတ်မျှော်လင့်ချက်များဖြစ်ကြသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို ဘက်စုံ၊ ထောင့်စုံမှ လုံလောက်စွာ သိရှိ နားလည်ပြီး မိမိကိုယ်ကိုယ်နှင့် မိမိတို့၏ ပတ်ဝန်းကျင်ကို မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင် ကာကွယ်တားဆီးနိုင်ရန်၊ အသိပညာ၊ သတိပညာဖြင့် စွမ်းရည်မြှင့်တင်ပေးနိုင်ရန်နှင့် တက္ကသိုလ် ဝန်းကျင်တစ်ခုလုံး မူးယစ်ဆေးဝါးကင်းစင်သည့်နယ်မြေ ဖြစ်လာစေရန်ရည်ရွယ်၍ စီစဉ်ကျင်းပ ရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်စပ်လျဉ်း၍ လွယ်ကူစွာလိုက်နာရှောင်ကြဉ်ရမည့် နည်းလမ်း (၅)ချက် ရှိပါကြောင်း၊ ပထမအချက်မှာ တစ်ကြိမ်တစ်ခါပဲဆိုသည့် စမ်းသပ်လိုစိတ်ကို လုံးဝမပြုလုပ်သင့်ကြောင်း၊ ဒုတိယအချက်မှာ မိတ်ဆွေကောင်းကို ရွေးချယ်ပေါင်းသင်းရမည်ဖြစ် ကြောင်း၊ တတိယအချက်မှာ စိတ်ဖိစီးမှုကို ကောင်းမွန်တဲ့နည်းလမ်းများနဲ့ ဖြေဖျောက်ရမည် ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ အားလပ်ချိန်ကို အားကစားလုပ်ခြင်း၊ စာဖတ်ခြင်း၊ ဂီတနှင့်ဝါသနာ ပါရာ အနုပညာရပ်များကိုလေ့လာခြင်းဖြင့် အကျိုးရှိစွာအသုံးချသင့်ပါကြောင်းနှင့် နောက်ဆုံးအချက် အနေဖြင့် ခေတ်သစ်မူးယစ်ဆေးဝါးပုံစံသစ်များသည် မုန့် သို့မဟုတ် အဖျော်ယမကာများတွင် အသွင်ပြောင်းရောနှောလာတတ်သည်ဖြစ်ရာ သတင်းအချက်အလက်များကို သတိပြုလေ့လာ မှတ်သားသင့်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအားလုံး မူးယစ်ဆေးဝါးအန္တရာယ်ကို သတိ ပညာ ဉာဏ်မြေကတုတ်ဖြင့် ကြံ့ကြံ့ခံကာကွယ်တားဆီးပြီး မိမိတို့၏ ဉာဏ်ပညာ၊ တီထွင်ဖန်တီး နိုင်စွမ်းနှင့် စွမ်းဆောင်ရည်များကို အမိနိုင်ငံတော် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချကာ နိုင်ငံတော်က အားထားရမည့် လူချွန်လူကောင်းများ ဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်(တောင်ပိုင်း)၊ အမှတ်(၄၃) မူးယစ်တပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမျိုးသန့်က မူးယစ်ဆေးဝါးများ၏ ဘေးအန္တရာယ်ဆိုးကျိုးများ နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဒုတိယရဲမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး သင်တန်းနှစ်အလိုက် အတန်းကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ သည်။ အဆိုပါဟောပြောပွဲသို့  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံ ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀၀)ကျော် တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။






ဆက်စပ် သတင်းများ