သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးဟောပြောပွဲကျင်းပ
- Thu, 23 July 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက် ချက်များ ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ရာတွင် “ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လက်တွေ့လုပ်ငန်း အတွေ့အကြုံတွေကို ပေါင်းစပ်မျှဝေမည့် တန်ဖိုးရှိသည့် ဆွေးနွေးပွဲအစီအစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ အခုလိုတွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် တက္ကသိုလ် နှင့် လုပ်ငန်းခွင်ကြား ချိတ်ဆက်မှုပိုမိုခိုင်မာလာမှာဖြစ်ပြီး သင်ကြားရေး၊ သုတေသနနှင့် လက်တွေ့ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်လည်း အကျိုးရှိစေမည်ဟုယုံကြည်ပါကြောင်း၊ ဒီနေ့ဆွေးနွေး ဟောပြောပွဲမှာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ လမ်း၊ တံတားများ ဆောက်လုပ်ပေးရုံ သာမက လူ၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဈေးကွက်နှင့် အခွင့်အလမ်းများကို ချိတ်ဆက်ပေးသည့် ဖွံ့ဖြိုး ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်ဆိုတာ ကောင်းစွာရှင်းလင်းနားလည် သဘောပေါက် သွားမည်ဟု ယုံကြည်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည့်အခါ ကျေးလက်နေ တောင်သူများ၏ ထုတ်ကုန်များ ဈေးကွက်အတွင်းသို့ လျင်မြန်စွာရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ သမဝါယမအသင်းများရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာပြီး ကျေးလက်စီးပွားရေး လုပ်ငန်းများလည်း ပိုမိုအသက်ဝင်လှုပ်ရှားလာမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့် သမဝါယမဖွံ့ဖြိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသည် တစ်ခုနှင့်တစ်ခု ခွဲခြားလို့မရသည့် ဖွံ့ဖြိုးရေးမိတ်ဖက်များဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့် ဝန်ကြီးဌာန၊ ဦးစီးဌာန(၄)ခုနှင့် သမဝါယမအသင်းအဆင့်ဆင့်အတွက် အရည်အသွေးရှိသော Human Resource များကို မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ တက္ကသိုလ်ဘွဲ့ရများသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အရာထမ်းများ၊ သမဝါယမခေါင်းဆောင်များ၊ ဖွံ့ဖြိုးရေးစီမံခန့်ခွဲသူများ၊ သုတေသီများ၊ စွန့်ဦးတီထွင်သူများ ဖြစ်လာ ကြမည့်သူများဖြစ်ပါကြောင်း၊ ဒါ့ကြောင့် နေ့တိုင်းစာသင်ခန်းထဲမှာသင်ကြားနေသည့် သီအိုရီများ ကိုသာ သင်ယူခြင်းမဟုတ်ဘဲ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများ၏ မူဝါဒ၊ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံများကိုလည်း လေ့လာသင်ယူကြဖို့ လိုအပ်ပါကြောင်း၊ ဒီနေ့ဟောပြောပွဲမှ ရရှိသည့် အသိပညာများကို မိမိတို့၏ သင်ကြားရေး သုတေသနနှင့် အနာဂတ်လုပ်ငန်းခွင်များတွင် လက်တွေ့ အသုံးချနိုင်ရေးအတွက် အသိပညာသစ်များကို ဖန်တီးနိုင်သူများဖြစ်အောင် ကြိုးစားကြပါရန်” အလေးအနက်ထား တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးရဲခေါင်ထွန်းက ဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေများကို Power Point ဖြင့် ပို့ချဆွေးနွေး ခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး သင်တန်းနှစ်အလိုက် အတန်းကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၄၀၀ ခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။




-80x80.jpg)

-80x80.jpg)


