သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက် ချက်များ ဆွေးနွေးဟောပြောပွဲကျင်းပ

  • Fri, 24 July 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက် ချက်များ ဆွေးနွေးဟောပြောပွဲကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်း ဆောင်ရွက်ချက်များ ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဘက်စုံသုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် “တက္ကသိုလ်အနေဖြင့် တက္ကသိုလ်အဖြစ်အဆင့်တိုးမြှင့်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ယခုအချိန်အထိ တက္ကသိုလ်သက်တမ်း ၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများအနေဖြင့် မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို လာရောက်ရှင်းလင်း ဆွေးနွေးဟောပြောခြင်းသည် တက္ကသိုလ်မှာသင်ကြားနေသော သီအိုရီများကို ဦးစီးဌာနများတွင် ဆောင်ရွက်လျက်ရှိသည့် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်လေ့လာနိုင်ရန်နှင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်နေမှု များကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံး ရှင်းရှင်းလင်းလင်း သိရှိနားလည် သဘောပေါက်စေရန်အတွက် လာရောက်ဆွေးနွေးပို့ချပေးခြင်း ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသ မီးရရှိရေး၊ ရေရရှိရေး၊ ကျေးလက်အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာကုန်ထုတ်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးများ ကို ပြည်သူဗဟိုပြုပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ဦးစီးဌာန ဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ အနေဖြင့် မိမိတို့သိရှိလိုသည်များကို မေးမြန်းကြစေလိုပါကြောင်းနှင့် မိမိနိုင်ငံ၊ မိမိဝန်ကြီးဌာန၊ မိမိတက္ကသိုလ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာဖြင့် လေ့လာဆည်းပူးခဲ့သည့် ပညာရပ်၊ အတွေ့အကြုံနှင့် ဗဟုသုတများကို အသုံးချဆောင်ရွက်နိုင်သူများဖြစ်ကြပါစေရန်” တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ညိုညိုဝင်းက ဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းဆောင်ရွက် ချက်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့် နည်းဥပဒေများကို Power Point ဖြင့်  ပို့ချဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး သင်တန်းနှစ်အလိုက် အတန်းကိုယ်စားလှယ်ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။





ဆက်စပ် သတင်းများ