သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးဟောပြောပွဲကျင်းပ

  • Tue, 28 July 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးဟောပြောပွဲကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ကျင်းပပြုလုပ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေး ဟောပြောပွဲသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အတွက်သာမက ကျောင်းသား၊ကျောင်းသူ များ၏ အနာဂတ်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှုသည် အရင်းအမြစ်များကို ယှဉ်ပြိုင်နေသည့်ခေတ်မဟုတ်ဘဲ အသိပညာ၊ နည်းပညာဆန်းသစ်တီထွင်မှု နှင့် လူ့စွမ်းအားအရင်းအမြစ်များကို ယှဉ်ပြိုင်နေသည့် Knowledge-Based Economy ခေတ်ဖြစ်လာပြီ ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းများအပေါ် များစွာမူတည်လျက်ရှိကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် လုပ်ငန်းတစ်ခုချင်းစီကို ဖွံ့ဖြိုးစေခြင်းမဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူငယ်များ၏ စွန့်ဦးတီထွင်စိတ်ဓါတ်မြှင့်တင်ပေးခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်တင်ပေးခြင်းနှင့် ကျေးလက်စီးပွားရေး အားကောင်းစေခြင်းတို့ကို တစ်ပြိုင်နက်ထဲ အကောင်အထည် ဖော်ဆောင်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်သည် သင်ကြားရေး၊ သုတေသနနှင့် လူမှုအကျိုးပြု လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်တက္ကသိုလ်များ၏ အောင်မြင်မှုကို ဘွဲ့ရဦးရေဖြင့်သာ တိုင်းတာခြင်းမဟုတ်ဘဲ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏ အလုပ်အကိုင်ရရှိမှု၊ စွန့်ဦးတီထွင်နိုင်မှု၊ လူမှုအသိုက်အဝန်းအတွက် တန်ဖိုးဖန်တီးနိုင်မှုတို့ဖြင့် တိုင်းတာနေပြီဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးရေး၊ ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး၊ ထုတ်ပိုးမှု(Packaging)၊ အမှတ်တံဆိပ် တည်ဆောက်ရေး၊ ဈေးကွက်ချိတ်ဆက်ရေးနှင့် လုပ်ငန်းအကြံပေးဝန်ဆောင်မှုများသည် ကျောင်းသား၊ကျောင်းသူ များအတွက် အနာဂတ်လုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သည့် အသိပညာများဖြစ်ကြောင်း၊ အထူးသဖြင့် သမဝါယမအသင်းများနှင့် အသေးစားစက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ပါက ဒေသထွက်ကုန်များကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ကွင်းဆက် (Value Chain) ကို မြှင့်တင်နိုင်ပြီး ဈေးကွက်အသစ်များသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် Digital Transformation နှင့် Artificial Intelligence တို့သည် ထုတ်လုပ်မှုလုပ်ငန်းများကို လျင်မြန်စွာ ပြောင်းလဲလျက်ရှိကြောင်း၊ ထို့ကြောင့် နည်းပညာအသုံးချနိုင်စွမ်း Digital ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ဘဝတစ်သက်တာ လေ့လာသင်ယူ နိုင်စွမ်းတို့သည် လူငယ်များအတွက် မရှိမဖြစ် လိုအပ်သောစွမ်းအင်များဖြစ်လာကြောင်း၊ ယနေ့ရှင်းလင်း ဟောပြောချက်များသည် ဌာနများ၏ မူဝါဒနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိနားလည်ရုံသာမက ကျောင်းသား၊ ကျောင်းသူများ၏ သုတေသနလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စွန့်ဦးတီထွင် လုပ်ငန်းများအတွက် အဖိုးတန်သော လမ်းညွှန်ချက်များ ရရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့အချိန်ပေး၍ အသိပညာနှင့် အတွေ့အကြုံများကို မျှဝေပေးသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဇင်လတ်က ကျောင်းသား၊ ကျောင်းသူများအား ပထမဆုံးအနေဖြင့် ဌာနလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်း(၃)ခုအား မေးမြန်းခဲ့၍ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပြီးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့်  ပို့ချဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး သင်တန်းနှစ်အလိုက် အတန်းကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။  ၎င်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းများအနက် ကွတ်ကီးမုန့်လုပ်ငန်း၊ ဆပ်ပြာခဲပြုလုပ်ခြင်းလုပ်ငန်းများကို လက်တွေ့ပြသခဲ့ပြီး တက်‌ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုလက်တွေ့ပါဝင်လုပ်ဆောင်ခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။














ဆက်စပ် သတင်းများ