သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူ များ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကျင်းပ

  • Tue, 18 August 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူ များ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကို ၁၈-၈-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဟောပြောပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ အထူးပြုဘာသာရပ်မေဂျာရွေးချယ် ခြင်းကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်စေရန်ဖြစ်ပါကြောင်း၊ ပထမနှစ်ဆိုတာ တက္ကသိုလ်ဘဝကို စတင် လေ့လာတဲ့အချိန်ဖြစ်သလို မိမိတို့ရဲ့အနာဂတ်ကို စတင်ပုံဖော်ရမဲ့အချိန်လည်းဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ဘယ်မေဂျာက အကောင်းဆုံးလဲဆိုတာထက် ဘယ်မေဂျာက မိမိတို့နဲ့ အသင့်တော်ဆုံးဆိုတာကို စဉ်းစားစေချင်ပါကြောင်း၊ မိမိတို့ရဲ့ စိတ်ပါဝင်စားမှု၊ ဝါသနာ၊ အားသာချက်၊ မိမိလုပ်ချင်တဲ့အလုပ်နဲ့ အနာဂတ်ရည်မှန်းချက်တွေကို သေချာစဉ်းစားပြီး ရွေးချယ် ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ဒီတက္ကသိုလ်မှာ အထူးပြုဘာသာရပ်(၅)ခုရှိပါကြောင်း၊ ပထမဦးစွာ Accounting and Finance ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ငွေကြေးဆိုင်ရာ အခြေအနေကို နားလည်ပြီး မှန်ကန်တဲ့ဘဏ္ဍာရေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါကြောင်း၊ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် ငွေကြေးကိုဘယ်လိုစီမံခန့်ခွဲမလဲ၊ ကုန်ကျစရိတ်နှင့် ဝင်ငွေကိုဘယ်လိုတွက်ချက်မလဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးအန္တရာယ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အရေးကြီးပါကြောင်း၊ ဒါကြောင့် Accounting and Finance ကို လေ့လာထားတဲ့ လူငယ်တွေဟာ စီးပွားရေးလုပ်ငန်းတွေ၊ သမဝါယမအသင်းတွေ၊ လူမှုစီးပွားရေး လုပ်ငန်းတွေ၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတွေမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာနိုင်ပါကြောင်း၊ ဒုတိယအနေနဲ့ Marketing Management ကတော့ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို သုံးစွဲသူတွေသိရှိလာအောင် စိတ်ဝင်စားလာအောင်နဲ့ ဝယ်ယူအသုံးပြုနိုင်အောင် ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊ ဒီနေ့ခေတ်မှာ Digital Marketing၊ Social Media Marketing နဲ့ Customer Relationship Management တွေဟာ အလွန်အရေးကြီးလာပါကြောင်း၊ အထူးသဖြင့် သမဝါယမအသင်းများ၊ လယ်ယာထွက်ကုန်များ၊ MSMEs လုပ်ငန်းများ၊ ဒေသထွက်ကုန်များကို ဈေးကွက်နဲ့ ချိတ်ဆက်ပေးဖို့ Marketing ကျွမ်းကျင်သူများ လိုအပ်ပါကြောင်း၊ ဒါကြောင့် Marketing Management ဆိုတာ ပစ္စည်းရောင်းတတ်ဖို့သက်သက်မဟုတ်ဘဲ ထုတ်လုပ်သူနှင့် စားသုံးသူတွေကြားထဲမှာ တန်ဖိုးဖန်တီး ပေးနိုင်ဖို့ လေ့လာတဲ့ဘာသာရပ်လို့ နားလည်စေချင်ပါကြောင်း၊ တတိယအနေနဲ့ Applied Statistics ဆိုတာ အချက်အလက်တွေကို စုဆောင်းခွဲခြားစိတ်ဖြာပြီး အချက်အလက်အပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင် လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီးဟာ Data-driven World ဖြစ်လာပါကြောင်း၊ ဒါကြောင့် Applied Statistics ကို လေ့လာထားတဲ့ လူငယ်တွေဟာ Research၊ Business၊ Government၊ Development Projects နဲ့ Policy Planning စသည့် နယ်ပယ်တွေမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာကို တွေ့ရပါကြောင်း၊ စတုတ္ထ အနေနဲ့ Regional Development ကတော့ ဒေသတစ်ခုအတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်နဲ့ လူ့စွမ်းအားအရင်းအမြစ်များကိုပေါင်းစပ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လို ဖော်ဆောင်မလဲဆိုတာကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊  ဒါကြောင့် Regional Development ကို လေ့လာတဲ့လူငယ်တွေဟာ ဒေသရဲ့လိုအပ်ချက်ကို နားလည်ပြီးတော့ Rural Development၊ Urban Development နဲ့ National Development တို့ကို ချိတ်ဆက်စဉ်းစားနိုင်တဲ့ Development Professionals တွေ ဖြစ်လာနိုင်ပါကြောင်း၊ ပဉ္စမအနေနဲ့ Social Enterprise Management မေဂျာဖြစ်ပြီး ဒီဘာသာရပ်ကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်အောင် စီမံခန့်ခွဲနိုင်ရုံ သာမက လူမှုရေးပြသနာတွေကို စီးပွားရေးနည်းလမ်းတွေနဲ့ ဖြေရှင်းပြီး လူမှုတန်ဖိုးဖန်တီးနိုင်အောင် လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊ ဒီမေဂျာနဲ့ ဘွဲ့ရလာတဲ့ လူငယ်များသည် Cooperative၊ Social Enterprise၊ Development Sector၊ Community-based Organizations တွေမှာ အကျိုးပြုနိုင်သလို ကိုယ်တိုင်လည်းလူမှုစီးပွားရေးလုပ်ငန်းတွေကို ဖန်တီးနိုင်ပါကြောင်း၊ ဒါကြောင့် Major တစ်ခုကို ရွေးချယ်တာဟာ ဘာသာရပ်တစ်ခုကို ရွေးချယ်သာမက မိမိရဲ့အနာဂတ် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ရဲ့ သင်ယူရမည့် အထူးပြု ဘာသာရပ် Major က ဘာ Major ပဲ ဖြစ်ဖြစ် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့အခါ မိမိတို့တစ်ဦးချင်းစီရဲ့ အောင်မြင်မှုအတွက်သာမက မိမိတို့နိုင်ငံနဲ့ မိမိတို့အသိုက်အဝန်းအတွက် တန်ဖိုးရှိတဲ့ လူငယ်တွေ ဖြစ်လာဖို့ ကြိုးစားကြရန် အလေးနက်ထား တိုက်တွန်းမှာကြားလိုကြောင်း အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးပြု ဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဤတက္ကသိုလ်၏ အထူးပြု ဘာသာရပ်များဖြစ်သည့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြု၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု၊ အသုံးချစာရင်းအင်းပညာအထူးပြု၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်များနှင့် စပ်လျဉ်း၍ အထူးပြုဘာသာရပ် ဌာန(၅)ခုမှ ပါမောက္ခ(ဌာနမှူး)များနှင့် တွဲဖက်ပါမောက္ခ(ခေတ္တဌာနမှူး)များက သက်ဆိုင်ရာအထူးပြု ဘာသာရပ်အလိုက် ရွေးချယ်သင်ယူသင့်သည့်အကြောင်းရင်း၊ ဘာသာရပ်၏အသုံးဝင်မှု၊ ဘာသာရပ် သင်ကြားခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အထူးပြု ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအကြောင်းနှင့် Extra Curriculum Activities များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အထူးပြုဘာသာရပ် ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။



















ဆက်စပ် သတင်းများ