သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခြင်း

  • Fri, 4 September 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို      (၂-၉-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများက ကန်တော့ချိုးဖြင့် ဆရာ၊ ဆရာမများအား ကန်တော့ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဆုံးမဩဝါဒ စကားနှင့် ဆုတောင်းမေတ္တာစကားပြောကြားခဲ့ပါသည်။

ပါမောက္ခချုပ်မှ ဆုံးမဩဝါဒ စကားပြောကြားရာတွင် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားသည် ဆရာ၊ ဆရာမများ၏ ကျေးဇူးတရားကို   သိရှိရိုသေလေးစားစွာ ပူဇော် ကန်တော့ခြင်းနှင့် တစ်နှစ်တာကာလအတွင်းပညာရေး၌ ထူးချွန်စွာကြိုးစားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်သည့် မင်္ဂလာရှိသောအခမ်းအနား တစ်ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့  ကျောင်းသား၊ ကျောင်းသူများက “အာစရိယဂုဏော အနန္တော” ဆိုသည့်အတိုင်း ဆရာ၊ ဆရာမများအား ရိုသေ လေးစားစွာ ပူဇော်ကန်တော့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပညာရည်ချွန်ဆု ရရှိကြသူများအားလည်း ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ဝီရိယတို့ကြောင့် ထိုက်တန်စွာဆုရရှိခဲ့ခြင်းဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်းကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ဘဝအတွက် “ကိုယ်ကျင့်တရားကောင်းမွန်ခြင်း (Morality)၊ ခေတ်နှင့်အညီအမြဲလေ့ကျင့်သင်ယူခြင်း (Lifelong Learning)နှင့် ကျေးဇူးသိတတ်ခြင်း (Gratitude)” ဟူသည့် မှတ်သားလိုက်နာရမည့် စကား(၃)ချက်ကို အထူးမှတ်သားလိုက်နာကြရန် လိုအပ်ကြောင်း၊ ပညာတတ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်၍ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သူများဖြစ်ကြရန်၊ နည်းပညာနှင့်ပညာရပ်များ လျင်မြန်စွာ ပြောင်းလဲတိုးတက် နေသည့် ခေတ်နှင့်အညီ အမြဲမပြတ် လေ့လာဆည်းပူးနေကြရန်နှင့် မိဘ၊ ဆရာသမားများ၏ ကျေးဇူးတရားကို မမေ့ဘဲ ကျေးဇူးဆပ်နိုင်သည့် သားကောင်း၊ သမီးကောင်း၊ တပည့်ကောင်းများ ဖြစ်ကြရန် မှာကြားခဲ့ပါသည်။

ဆုတောင်းစကားအနေဖြင့် ယနေ့အာစရိယပူဇော်ပွဲကန်တော့ခြင်းခံရသည့် ဆရာ၊ ဆရာမများ     ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ပညာအလင်းရောင်ဖြင့် ဆက်လက်မြေတောင်မြှောက်ပေးနိုင်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအားလုံး အနာဂတ်ဘဝတွင် အောင်မြင်မှုများ ရရှိပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် သမဝါယမလူမှုစီးပွားပညာတတ်များနှင့် သမဝါယမစွန့်ဦးတီထွင်လူငယ်ခေါင်းဆောင်ကောင်းများ ဖြစ်လာကြစေရန် ဆုတောင်းမေတ္တာ ပို့သခဲ့ပါသည်။ ဆက်လက်ပြီး (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ ဆုချီးမြှင့်ခဲ့ပြီး (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာအေးအေးမော်မှ ဆုများကိုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။








ဆက်စပ် သတင်းများ