သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Certificate in Agribusiness Management- CABM (Batch-II) သင်တန်းဖွင့်ပွဲကျင်းပ

  • Sat, 3 October 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်  Certificate in Agribusiness Management- CABM (Batch-II) သင်တန်းဖွင့်ပွဲကျင်းပ



သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကော်မတီအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် Certificate in Agribusiness Management- CABM (Batch-II) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် Zoom Platformဖြင့် ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းက တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ်မှ  တက္ကသိုလ်အနေဖြင့် Certificate in Agribusiness Management – CABM (Batch-I) သင်တန်း ကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု(HRD Programme)အစီအစဉ်ဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ မှ ဇူလိုင် (၇) ရက်နေ့အထိ သင်တန်းသား၊သင်တန်းသူ (၅၄)ဦးဖြင့်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်သည့် Batch-II သင်တန်းတွင် တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား မိမိတို့တက္ကသိုလ်အနေဖြင့် နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ၆လကြာကာလအတွင်း ဇွဲရှိရှိဖြင့် သင်တန်းပြီးဆုံးအောင် တက်ရောက် ကြရန်တိုက်တွန်းမှာကြားလိုပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းတွင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာဘွဲ့ရများ၊ ဝိဇ္ဇာသိပ္ပံဘွဲ့ရများ၊ တက္ကသိုလ်တက်ရောက်ဆဲနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ လူငယ်များအပြင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း (၃၉)ဦး၊ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ (၇၆)ဦးအားတွေ့ရှိရပြီး အသက်မွေးဝမ်းကျောင်း နယ်ပယ်စုံမှ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြသဖြင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ တက္ကသိုလ်နှင့်စပ်လျဉ်း၍ အနည်းငယ် ပြောကြားလိုပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသည် သန်လျင်နှင့် စစ်ကိုင်း တွင်တည်ရှိပြီး အထူးပြုဘာသာရပ်များဖြစ်သည့် Accounting & Finance, Marketing Management, Applied Statistics, Regional Development, Social Enterprise Management အထူးပြုဘာသာရပ်(၅)ခုဖြင့် Bachelor of Business Science ဘွဲ့ဒီဂရီ ပေးအပ် လျက်ရှိပါကြောင်း၊ အထူးပြုဘာသာရပ်(၅)ခုဖြင့် ဘွဲ့ကြို၊ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်း များဖွင့်လှစ်ပို့ချလျှက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု (HRD Programme) အစီအစဉ်ဖြင့် Master Programme များကို ၂၀၂၆ခုနှစ် ဇွန်လမှ စတင်ပြီး Master of Public Administration (MPA), Master of Entrepreneurship and Business Management (MEBM), Master of Applied Research (MAR) တို့ကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ Ph.d in Business Programme ကိုလည်း ၂၀၂၇ ခုနှစ်မှစတင်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာကျော်စိုက်ပျိုးရေးပညာရှင် ဒေါက်တာနော်မန်အီးဘော်လော့ဂ် (Dr. Norman E. Borlaug) ၏ "Get it to the farmers, Get it to the people Who can actually make use of this technology" ဆိုသည့်အတိုင်းစိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုပညာရပ်များကို  လက်တွေ့အသုံးပြုနိုင်သူများနှင့် တောင်သူများထံအရောက်ပို့နိုင်ရေးနှင့် မိမိတို့ကိုယ်တိုင် လက်တွေ့အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြပါရန်တိုက်တွန်းမှာကြားရင်းနိဂုံးချုပ်ခဲ့ပါသည်။ ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ပါမောက္ခချုပ်(ငြိမ်း)၊ ဒေါက်တာမျိုးကြွယ်မှ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးနှင့်စီးပွားရေး ပေါင်းစပ်သင်ကြားပေးသည့် ကျောင်း/သင်တန်းများလိုအပ်ချက်ရှိခဲ့ပုံ၊ နိုင်ငံတကာတက္ကသိုလ်များ၏ စိုက်ပျိုးရေးဆိုင်ရာ သင်ကြားမှုပုံစံများနှင့် နှိုင်းယှဉ်၍ သင်တန်း၏အရေးပါပုံတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာတင်နီလာဝင်း တွဲဖက်ပါမောက္ခ၊ စီမံခန့်ခွဲမှုပညာဌာနမှ သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များ၊ သင်ကြားမည့်ပုံစံ၊ အကဲဖြတ်စနစ်နှင့် မျှော်မှန်းသင်ယူမှု ရလဒ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် သင်တန်းသူ၊ သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆရာကြီး၊ ဆရာမကြီးများမှ ပြန်လည်ဖြေကြားခဲ့ကြပါသည်။ အဆိုပါသင်တန်းကို (၁-၁၀-၂၀၂၆)ရက်နေ့မှ (၃၁-၃-၂၀၂၇) ရက်နေ့ အထိ (၆)လကြာ ဖွင့်လှစ်ပို့ချသင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊သင်တန်းသူ (၇၆)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။








ဆက်စပ် သတင်းများ