သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ (၁၁)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း

  • Sun, 15 November 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ (၁၁)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း



သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်  (သန်လျင်) ၏ (၁၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ်၏ ဘက်စုံသုံးခန်းမတွင် အခမ်းအနားအစီအစဉ် (၂) ရပ်ဖြင့် ကျင်းပပြုလုပ်ရာ ပထမပိုင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပြင်ပပညာရှင် ဆရာမကြီးများ၊ ပါမောက္ခ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ဘွဲ့ရမောင်မယ်များ နှင့်မိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဘွဲ့ရမောင်မယ်များအတွက် ဂုဏ်ပြုအမှာစကား ပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့နှင့် ရိုးရိုးဘွဲ့များတွင် အမှတ်အများဆုံးရရှိကြသော ထူးချွန်ကျောင်းသား၊ ကျောင်သူများအား ဂုဏ်ပြုဆု တံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ  ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဘွဲ့ရမောင်မယ်များအား ဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့် ခဲ့ပြီး အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် “မောင်မယ်တို့အနေနှင့် ဘွဲ့ရ ပြီးသည့်အခါမှာလည်း ပညာသင်ယူမှုကို ရပ်တန့်မထားဘဲ Lifelong Learning ဘဝတစ်သက်တာ စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ပညာတတ် နိုင်ငံသားများ အများဆုံးရှိသည့် နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး နိုင်ငံများအဖြစ် ရပ်တည်နေကြတာကို တွေ့မြင်ကြရမှာဖြစ်ကြောင်း၊ ယနေ့ခေတ်ဟာ အသိပညာ၊ ဉာဏ်ရည် တုနည်းပညာများ Artificial Intelligence လို့ခေါ်တဲ့ AI ရဲ့ ဆန်းသစ်တီထွင်မှု Innovation တို့ကို အခြေခံသည့် ပညာခေတ် ဖြစ်ကြောင်း၊ တက္ကသိုလ်အနေဖြင့် ပညာရေးအရည်အသွေး အာမခံမှုရှိစေရန် ရလဒ်အခြေပြုပညာရေးစနစ် Outcome-Based Education ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ရန် အရေးကြီးပြီး အတ္တ၊ ပရ မျှတစွာ အလုပ်လုပ်ဖို့၊ အသိပညာ အတတ်ပညာ ကြွယ်ဝရန် တစ်သက်တာပညာ လေ့လာဆည်းပူးရန် အလေးအနက် ထား တိုက်တွန်းမှာကြားလိုကြောင်း၊ မောင်မယ်တို့သည် သမဝါယမစိတ်ဓာတ်ကို အခြေခံသည့် Co-operative Professionalism များပီသစွာ ရောက်လေရာ နေရာဒေသတိုင်းမှာ အမိတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ပိုမိုမြင့်မား အောင်စောင့်ထိန်းကြရန်လိုကြောင်း၊ အမိနိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် တည်ဆောက်ရာမှာ ကျရာကဏ္ဍမှ အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုကြောင်း၊ လေ့လာသင်ယူခဲ့ရသည့် သမဝါယမနှင့် လူမှုစီးပွားရေးပညာရပ်များကို အခြေခံပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် အခါမှာ တက်တက်ကြွကြွနှင့် စွမ်းအားပြည့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူမှုစီးပွားရေးစနစ်ကို အခြေခံသည့် သမဝါယမသဘောတရား၊ မူဝါဒ၊ အနှစ်သာရနှင့် ကျင့်ဝတ် များကို လေးလေးစားစား တန်ဖိုးထားပြီး လိုက်နာကျင့်သုံးကြစေလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိကျွမ်းကျင်သည့် ပညာနှင့်နိုင်ငံတော်တည်ဆောက်ရေးအတွက် နယ်ပယ် ကဏ္ဍအသီးသီးမှာ ကျရာတာဝန်များကို စွမ်းစွမ်းတမံ ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက် သွားကြပါလို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သော သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ (၁၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့ရရှိသူ (၁၄)ဦး၊ အသုံးချစာရင်းအင်းပညာဘွဲ့လွန် ဒီပလိုမာ(၂)ဦး၊ အထူးပြုဘာသာရပ်အလိုက် စီးပွားရေးသိပ္ပံဘွဲ့ ရရှိသူ (၂၆၇)ဦး ၊ စုစုပေါင်း (၂၈၃) ဦးတို့အား ဘွဲ့လက်မှတ်များ ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။













ဆက်စပ် သတင်းများ